ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည် သုံးသပ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန် အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

  • Thu, 1 June 2017

ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ပြဋ္ဌာန်းချက်များအပေါ် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်မှု ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန် အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ The Hotel Royal ACE ၌ အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ပါသည်-

(က)   UNCAC ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များတွင် ပါရှိသည့် လိုအပ်ချက်များကို ထိရောက်ကျွမ်းကျင်စွာ ပြန်လည်သုံးသပ်မှု ခံယူနိုင်ရန်၊

( ခ)   နိုင်ငံ၏ ပြန်လည်သုံးသပ်မှုများအတွက် Methodology တွင် ပါဝင်တက်ရောက်သူများကို သင်တန်း ပေးနိုင်ရန်၊

( ဂ)   ပြီးပြည့်စုံသော ကိုယ်တိုင်အကဲဖြတ်ဆန်းစစ်ချက် (SAC) ပြုစုရာတွင် ပါဝင်တက်ရောက်သူများ အနေဖြင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊

(ဃ)   UNCAC ပြန်လည်သုံးသပ်ခြင်း (ဒုတိယစက်ဝန်း) အတွက် ကိုယ်တိုင်အကဲဖြတ်ဆန်းစစ်ချက် (SAC) ကို စတင်ဆောင်ရွက်နိုင်စေရန်၊

( င)   ပါဝင်တက်ရောက်သူများအနေဖြင့် နိုင်ငံအဆင့် သင်တန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာ စေရန်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ပြဋ္ဌာန်းချက်များအပေါ် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ် ဒုတိယစက်ဝန်းအတွက် ကိုယ်တိုင် အကဲဖြတ်ဆန်းစစ်ချက် (SAC) ပြုစုခြင်းကို ဇူလိုင်လတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်ကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အခြားနိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိကြောင်း၊ ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဒုတိယစက်ဝန်းကိုလည်း ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမစက်ဝန်းကဲ့သို့ ဒုတိယစက်ဝန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် United Nations Office on Drugs and Crime (UNODC) မှ Ms. Susanne Dahl နှင့် Mr. Francesco Checchi တို့က နုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် UNCAC ကို ပြန်လည်သုံးသပ်ခြင်းခေါင်းစဉ်ဖြင့် လုပ်ငန်းစဉ်များကို ခြုံငုံသုံးသပ်ခြင်း၊ ကိုယ်တိုင်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် နိုင်ငံ သုံးသပ်ချက် အစီရင်ခံစာ စသည့် ကဏ္ဍများကို ဆွေးနွေး ကြသည်။

ထို့နောက် UNODC မှ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်း အတွေ့အကြုံများနှင့် သုံးသပ်ခံနိုင်ငံအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ကိုယ်တိုင် အကဲဖြတ်ဆန်းစစ်ချက် အခန်း(၂)ပြုစုနိုင်ရန်အတွက် လက်တွေ့လေ့ကျင့်ခန်းများကို ဆောင်ရွက်ကြသည်။

ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ခြင်း သုံးသပ်မှုလုပ်ငန်းစဉ်များ ကို အဖွဲ့ဝင်နိုင်ငံများက ပထမစက်ဝန်း (၂၀၁၀-၂၀၁၅) အဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (UNCAC) ပြဋ္ဌာန်းချက်ပါ အခန်း(၃) ပြစ်မှုအဖြစ် သတ်မှတ်ခြင်း နှင့် ဥပဒေအာဏာသက်ရောက်ခြင်း၊ အခန်း(၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို သုံးသပ်ဆောင်ရွက်ပြီး ဒုတိယစက်ဝန်း (၂၀၁၆-၂၀၂၀) အဖြစ် အခန်း(၂) တားဆီးကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များနှင့် အခန်း(၅) ပိုင်ဆိုင်မှုများအား ပြန်လည်ရယူခြင်းတို့ကို သုံးသပ် ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည် သုံးသပ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ရန် အကြို အလုပ်ရုံဆွေးနွေးပွဲကို ဇွန် (၂) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

ဆက်စပ် သတင်းများ