အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းဆောင်ရွက်
- Fri, 7 March 2025
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ မတ် ၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘဏ်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီးကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့်အဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးအမျိုးနှင့် ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူအများစုသည် အဂတိလိုက်စားမှုမှ ရရှိလာသည့် ငွေကြေးနှင့် ပစ္စည်းများကို အသွင်ပြောင်းပြီး ဘဏ်များတွင် အပ်နှံခြင်း၊ လွှဲပြောင်းပေးပို့ခြင်းများ လုပ်ဆောင်ကြခြင်းကြောင့် ဘဏ်လုပ်ငန်းများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍအနေဖြင့် တွေ့ကြုံနိုင်သည့် အဂတိလိုက်စားမှုပုံစံများမှာ ချေးငွေလိမ်လည် လျှောက်ထားမှုများတွင် တိကျသေချာစွာ စိစစ်မှုမရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ Customer များထံမှ အခကြေးငွေရယူ၍ စာရွက်စာတမ်းများကိုကူညီ ဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွှားနိုင်ရေးအတွက် အကြံဉာဏ်ပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များက တရားမဝင်ရရှိလာသည့် ငွေကြေးများကို ငွေဖြူအဖြစ် ပြောင်းလဲရန် တရားဝင်ဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းများတွင် အပ်နှံခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းက ငွေကြေးများကို ခြေရာဖျောက်ရန် ရည်ရွယ်ချက်ဖြင့် ဘဏ်တစ်ခုတွင် ငွေစာရင်းအမှတ်များစွာ ဖွင့်၍လည်းကောင်း၊ အခြားဘဏ်များတွင်လည်း ငွေစာရင်းများဖွင့်၍လည်းကောင်း ငွေကြေးဆိုင်ရာ အစိုးရဝန်ထမ်းများကို မျက်ခြည်ဖြတ်ခြင်း စသည့်ပုံစံများကို တွေ့ရှိရပါကြောင်း၊ ဘဏ်လုပ်ငန်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ချင်းစီက စတင်သင့်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းခွင်အလိုက် အဂတိလိုက်စားနိုင်ခြေများကို သတိပေးနှိုးဆော်ပေးရန်၊ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ စံနှုန်းများ မြင့်မားစွာချမှတ်ထားရန်နှင့် လိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင်တွင် အပြန်အလှန် ထိန်းကျောင်းမှုစနစ်နှင့် ချမှတ်ထားသည့် စည်းမျဉ်းများအပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ခြင်းများကိုလည်း ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး က အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် အစိုးရကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းတို့နှင့်သာ သက်ဆိုင်သည်ဟု လွဲမှားသည့်အတွေးခေါ်များ ရှိနေကြပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင်လည်း အဂတိလိုက်စားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများရှိနေနိုင်ကြောင်း၊ ဘဏ်လုပ်ငန်းများတွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုမြင့်မားသည့်အတွက် စောင့်ကြည့်ထိန်းကျောင်းသည့် စနစ်ခိုင်မာအားကောင်းရန် အရေးကြီးပါကြောင်း၊ သံသယဖြစ်ဖွယ် ငွေလွှဲပြောင်းပေးပို့မှုများနှင့် စပ်လျဉ်း၍ သတင်းပေးပို့ရန် တာဝန်ကိုလည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍမှ တာဝန်ခံဘဏ်ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာဖြင့် Customer များကို ဝန်ဆောင်မှုပေးကြရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် မိမိဘဏ်တွင်သာမက ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများကို မိမိကိုယ်တိုင်လိုက်နာရန် လိုအပ်သည့်အပြင် ဘဏ်ဝန်ထမ်းများအားလုံး သိရှိလိုက်နာ ဆောင်ရွက်ကြရန်နှင့် ထပ်ဆင့်အသိပညာပေး ဖြန့်ဝေပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ ကြသည်။
၎င်းနောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးက အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခြင်း
ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ(၃)မှ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် ဘဏ်ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များအား မေးမြန်းခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း