အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဆင်းပွဲကျင်းပ
- Fri, 28 February 2025
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက
သင်တန်းဆင်းအမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၂၈ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၆) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သည့် သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဘာသာရပ်အပြင် လိုအပ်သည့် ဘာသာရပ်များကိုပါ ပြင်ပဌာနများမှ လာရောက်သင်ကြားပေးခဲ့သည့်အတွက် သင်တန်းသားများအနေဖြင့် တန်ဖိုးရှိသည့် အချိန်များဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာ သင်ယူနေကြရန်လိုကြောင်း၊ လေ့လာမှုအားကောင်းရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချရန်လိုကြောင်း၊ တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန် အားထုတ်ဖို့လိုကြောင်း၊ လေ့လာမှု၊ လက်တွေ့ အသုံးချမှုနှင့် တီထွင်ကြံဆမှုများကို ပေါင်းစပ်အသုံးပြုပါက ဝန်ထမ်းကိုယ်တိုင်နှင့် ဌာနစွမ်းဆောင်ရည် မြင့်မားတိုးတက်လာမည်ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါ သည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦး အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၆) ဦး ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား ချီးမြှင့်ပေးအပ်ခြင်း