အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်(မူ၊လယ်၊ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
- Tue, 25 February 2025
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာ အဂတိလိုက်စားမှုသည် မိမိအား ယုံကြည်အပ်နှင်းထားသည့် အခွင့်အာဏာကို မိမိအကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းကို ဆိုလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်နှင့် ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကင်းရှင်းခြင်းသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်ရေးအတွက် အထောက်အကူဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ဖြစ်ပွားမှ အရေးယူခြင်းထက် ကြိုတင်ကာကွယ်တားဆီးခြင်းက ပိုမိုထိရောက်မှုရှိပါကြောင်း၊ အဂတိလိုက်စားမှုဖြစ်ပွားလျှင် အဂတိလိုက်စားသော ဝန်ထမ်းကိုဥပဒေနှင့်အညီ အရေးယူအပြစ်ပေးရမည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်သက်ဆိုင်သော ဌာနများတွင် နစ်နာဆုံးရှုံးမှုများဖြစ်နိုင်သည့်အပြင် ဌာန၏ဂုဏ်သိက္ခာလည်း ထိခိုက်စေသည့်အတွက် အဂတိလိုက်စားမှုကြိုတင်ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် တည်မြဲလုပ်ထုံးလုပ်နည်း(SOP)များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU အဖွဲ့၀င်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုကို လျော့ချကာကွယ်တားဆီးနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုကင်းစင်သော ပညာရေးအသိုက်အဝန်းကို တည်ထောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေ၀င်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားရာ ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစတင်၍ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် "အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး Edutainment" အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များကို လူတော်လူကောင်းများဖြစ်လာစေရန် အခြေခံစာရိတ္တမဏ္ဍိုင်ကို ကျောင်းများမှ စတင်ရမည်ဖြစ်၍ ဖြောင့်မတ်တည်ကြည်မှု သင်ခန်းစာများကို ဆရာ/ဆရာမများအနေဖြင့် ထိရောက်စွာသင်ကြားပေးနိုင်ရေး ဝန်ကြီးဌာနမှ တိုက်တွန်းပြောကြားပေးစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် ကဏ္ဍ(၃)ရပ် ချမှတ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူးက ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးအား ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်ဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ကော်မတီအဖွဲ့၀င် ဒေါက်တာထွန်းထွန်းဦး ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်၊ သုံးသပ်တင်ပြချက်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း၀န်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း၊ ကော်မရှင်အဖွဲ့၀င်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ CPU အဖွဲ့၀င်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ပညာရေးဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်းဆောင်ရွက်သည့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့်
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ
လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊
ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့်
ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
ကော်မရှင်အတွင်းရေးမှူး
ဦးတင်ဆွေဝင်းက ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် အား ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်(မူ၊လယ်၊
ထက်)ဆရာကိုင်စာအုပ်(၃၀၀)နှင့် Soft Copy CD(၃၀၀)ချပ် တို့ကို လွှဲပြောင်းပေးအပ်ခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊
နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများနှင့်စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့်
ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ပြန်လည်ဖြေကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က
CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း