အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ

  • Tue, 11 February 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က  သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်

            သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ Call Room ၌ ဂါရဝပြုလာရောက် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကော်မရှင်ကို ၂၀၁၄ ခုနှစ်၊  မတ်လ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လူငယ်အသိပညာပေးရေးကို အခြေခံပညာကျောင်းများမှ တက္ကသိုလ်အဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များနှင့် လူငယ်စကားဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူအသိပညာပေးကဏ္ဍနေဖြင့် ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တားဆီးကာကွယ်ရေးကဏ္ဍအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍ စောင့်ကြည့်ထိန်းကျောင်းသည့်စနစ်များ ခိုင်မာအားကောင်းစေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ဆောင်မှုရယူသည့် ပြည်သူများကိုယ်တိုင်ရယူခဲ့သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထောက်ပြအကြံပြုနိုင်စေရန် Public Feedback Programme - PFP ကိုလည်း အသုံးပြုလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိလိုက်စားမှုကျူးလွန်သူ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အရေးယူဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပါကြောင်း၊ အဂတိလိုက်စားမှုဖြင့် တရားမဝင် ကြွယ်ဝချမ်းသာလာခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်မှ သတင်းရရှိပါက စိစစ်ခွင့်ရှိကြောင်း၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ကော်မရှင်သို့ သက်သေအထောက်အထား ပြည့်စုံစွာဖြင့် ကိုယ်တိုင် တိုင်ကြားနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် တရားမဝင် ကြွယ်ဝချမ်းသာလာသည့် ငွေကြေးနှင့် ပစ္စည်းများကို ကော်မရှင်မှ ပြည်သူပိုင်အဖြစ်သိမ်းဆည်းရန် အခွင့်အာဏာရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကော်မရှင်နှင့် သတင်းမီဒီယာကောင်စီတို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး က သတင်းမီဒီယာကောင်စီ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာများ လိုက်နာရမည့် ကျင့်ဝတ်များရေးဆွဲလိုက်နာမှုနှင့် လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

            ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌတို့ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့

ဂါရဝပြုလာရောက်တွေ့ဆုံပွဲမှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း



သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး က ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း

ဆက်စပ် သတင်းများ