စွမ်းအင်ဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းဆောင်ရွက်

  • Fri, 7 February 2025

စွမ်းအင်ဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းဆောင်ရွက်


စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် က အဖွင့်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက်

      စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး  ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များအပါအဝင် ဝန်ထမ်း (၂၄၇) ဦးမှ In person တက်ရောက်ခဲ့ကြပြီး နယ်ဒေသအသီးသီးရှိ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်မှ ရေနံမြေများ၊ စက်ရုံများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်စစ်ဆေးရေးရုံးများမှ ဝန်ထမ်း (၄၈၇) ဦးတို့မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

       ပထမဦးစွာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်များမှ ပါရှိသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက သိသင့်သိထိုက်သော အဂတိလိုက်စားမှုဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကိုသိရှိစေရန်နှင့် အဂတိလိုက်စားမှုများမဖြစ်ပေါ်စေရေး ကြိုတင်တားဆီးကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးခြင်းကို စိတ်စေတနာထက်သန်စွာ လာရောက်ဆောင်ရွက်ပေးခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလိုကျင်းပနိုင်ခြင်းဖြင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှုဖြစ်ပေါ်လာနိုင်သည့် အကျိုး အကြောင်းများ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နှင့် မိမိကိုယ်တိုင်အတွက် နစ်နာဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများကိုပိုမိုသိရှိလာနိုင်ပြီး ကြိုတင်ရှောင်ကြဉ်လာနိုင်ကြမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ဂုဏ်သိက္ခာပါထိခိုက်စေနိုင်ပါကြောင်း၊ မိမိနှင့်မိမိ မိသားစုရဲ့ အနာဂတ်ကာလတစ်လျှောက်လုံး ဂုဏ်သိက္ခာညှိုးငယ်စွာနေသွားကြရမှာဖြစ်ပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးမပြုသည့် အဂတိလိုက်စားမှုတွေကိုဖယ်ခွာပြီး ရိုးသားကြိုးစားသည့် ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် မိမိကိုယ်ကို တန်ဖိုးမြှင့်တင် ကြိုးစားနေကြဖို့ တိုက်တွန်းလိုပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာစေရန် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းက အဂတိကိုဖယ်ခွာပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၊ မိမိဌာန ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ သယံဇာတကို ကိုင်တွယ်ဆောင်ရွက်နေရပြီး၊ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” အဂတိကင်းရှင်းစွာဖြင့် ပြန်လည်ပေးအပ်သုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးရခြင်းမှာ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို  ဖန်တီးဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာ ပိုမိုကျယ်ဝန်းပါကြောင်း၊ ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်ပြီး လာဘ်ငွေပေးခြင်း၊ ယူခြင်းမှ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့်  ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရသည့်အတွက် မိမိကိုယ်ကိုအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာအား ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း ဦးဆောင်၍ စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

စွမ်းအင်ဝန်ကြီးဌာနနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ