အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်လှစ်ခြင်းကျင်းပ

  • Mon, 3 February 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်လှစ်ခြင်းကျင်းပ


သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၃

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၆) ဦး တက်ရောက်ခဲ့ကြပါသည်။ 

        သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သည့် သင်တန်းသည် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ရုံးလုပ်ငန်းအတွေ့အကြုံရှိပြီးဖြစ်သော်လည်း ရုံးလုပ်ငန်းမှာ ကျယ်ဝန်းသည့်အတွက်  သေချာစွာ လေ့လာရန်လိုကြောင်း၊ သင်တန်း၌ Budget ရေးဆွဲနည်းနှင့် ကော်မရှင်၏ အဓိကလုပ်ငန်းများဖြစ်သည့် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်း စစ်ဆေးရေး ဘာသာရပ်များနှင့်စပ်လျဉ်း၍ သင်ကြားပို့ချမည်ဖြစ်ကာ သိရှိဆောင်ရွက်နိုင်ရန် လေ့လာထားသင့်ကြောင်း၊ ရုံးစာများရေးသားရာတွင် ရုံးလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ရေးသားကြရန် လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စာရင်းစစ်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများမှ ဘာသာရပ် ကျွမ်းကျင်သူများက လာရောက်ပို့ချမည်ဖြစ်၍ တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းကောင်းဖြစ်ရန် အဆင့်ဆင့်သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး ဖြောင့်မတ်တည်ကြည်သည့် ဝန်ထမ်းများဖြစ်မှသာ အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး သန့်ရှင်းသော အစိုးရကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို တည်ထောင်နိုင်မည်ဖြစ်သဖြင့် ဝန်ထမ်းတိုင်း အားသွန်ခွန်စိုက်ကြိုးစား၍ လက်တွေ့ဆောင်ရွက်ကြရန်နှင့် ကျန်းမာအောင်နေ၊ တောက်ပြောင်အောင် ဆည်းပူး၊ ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

        ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ဖေဖော်ဝါရီလ (၃) ရက်မှ (၂၈) ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပါသည်။


သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း


သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ