မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်တင် အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွက်ထားမှုအခြေအနေ
- Fri, 28 April 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြကျေးရွာ သောင်နုမြေ အား ခြံကွက်ရိုက် ရောင်းချခြင်းကိစ္စနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ပေးပါရန် မွန်ပြည်နယ် လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။
လွှဲပြောင်းစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လွှဲပြောင်းစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်တင်သည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ် သက်တမ်းအတွင်း သောင်နုမြေများကို သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရှိဘဲ ခြံမြေ အကွက်ရိုက်၍ ရောင်းစားခြင်း၊ ရရှိသော ငွေများနှင့်စပ်လျဉ်း၍ စာရင်းရှင်းတမ်းများ တင်ပြရာတွင် အမှန်တကယ် ဆောင်ရွက်ခဲ့ခြင်းမရှိသည့် လုပ်ငန်းများကို ပြေစာအတုများဖြင့် တင်ပြခဲ့ခြင်းတို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ကော့ထင်းစံပြကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်လွင်သည် လုပ်ပိုင်ခွင့်အာဏာ မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်တင်၏ တာဝန်ပေးချက်အရ သောင်နုမြေ ခြံကွက်များကို အကွက်ရိုက် ရောင်းချရာတွင် ကိုယ်တိုင်ရောင်းချ၍ ရရှိသောငွေများကို ကိုင်တွယ်ထိန်းသိမ်းခဲ့ပြီး ငွေစာရင်း ရှင်းတမ်းများ ပြုလုပ်တင်ပြရာ၌ ပြေစာစာရင်းများကို မမှန်မကန်ပြုလုပ်ခြင်းဖြင့် ဦးသက်တင်၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ရာတွင် ပူးပေါင်းကြံစည်သူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရ လည်းကောင်း မွန်ပြည်နယ် တရားလွှတ်တော်တွင် ဧပြီလ(၂၇) ရက်နေ့က တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် (ယခု ကြာအင်းဆိပ်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး)သည် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကော့ထင်းကျေးရွာသို့ (၁၀)ကြိမ်ခန့် ရောက်ဖူး၍ (၂)ကြိမ်တိုင် သောင်နုမြေပေါ်တွင် အိမ်ခြံကွက်ရိုက်ပြီး အိမ်ယာဆောက်လုပ်ထားမှု၊ ခြံစည်းရိုးကာရံထားမှုများကို တွေ့မြင်သိရှိသော်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်တင်အား ညွှန်ပြအသိပေးရန် တာဝန်ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။