အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

  • Fri, 17 January 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ


သင်တန်းဆင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌဦးစစ်အေး က သင်တန်းဆင်းအမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဇန်နဝါရီ ၁၇

         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။ 

        သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ နိုင်ငံသားအချင်းချင်းအကြား တရားမျှတမှုရှိစေရန်နှင့် နိုင်ငံသားနှင့်အစိုးရကြား တရားမျှတမှုရှိစေရန် ရည်ရွယ်၍  ဥပဒေများကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ ဥပဒေမရှိလျှင် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာမည်ဖြစ်၍ ဥပဒေစိုးမိုးရန်လိုအပ်ပြီး ဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရသည့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဥပဒေဘာသာရပ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေကိုပြည်သူအားလုံး သိရှိပြီးလိုက်နာစေရန်ဖြစ်ကြောင်း၊ ဥပဒေတွင် တိုက်တွန်းဥပဒေနှင့် တားမြစ်ဥပဒေ နှစ်မျိုးသာရှိကြောင်း၊  ဝန်ထမ်းတိုင်းသည် မိမိဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ဆက်စပ်ဥပဒေများကို သိရှိနားလည်ရန်လိုသည့်အတွက် ဥပဒေပြန့်ပွားရေးသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

        ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေအပြင် အခြားဆက်စပ်ဥပဒေများကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ရန်လိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုစသည့် ရာဇဝတ်မှုများမှာလည်း နည်းပညာအပေါ်အခြေခံ၍ များပြားလာရာ စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ကော်မရှင်သည်ဥပဒေအရ  အာဏာအပ်နှင်းခံရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊

      သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားလိုက်သည့် ဘာသာရပ်များကို ဆင့်ပွားလေ့လာရန်နှင့် ဆင့်ပွားအသိပညာပေးရန်လိုကြောင်း၊ ဝန်ထမ်းတိုင်းထူးချွန်ထက်မြက်ပြီး လူကောင်းဖြစ်ရန်လိုကြောင်း၊ ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှုမရှိသည့် ပြစ်မှုကျုးလွန်သူများကို ဖော်ထုတ်အရေးယူရသည့်ဌာနဖြစ်၍ ကိုယ်တိုင်ဖြောင့်မတ်တည်ကြည်မှုရှိရန် လိုက်နာဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

        ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၃၀) ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ



သင်တန်းဆင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း



ကော်မရှင်ဉက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားပေးအပ်ခြင်း

ဆက်စပ် သတင်းများ