အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ

  • Mon, 6 January 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ


သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သင်တန်းဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဇန်နဝါရီ ၆

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။ 

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ ၂၀၂၅ ခုနှစ် နှစ်သစ်တွင် ကော်မရှင်အနေဖြင့် ဥပဒေသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေရေးရာအခြေခံသဘောတရားများကို သိရှိနားလည်စေရန်၊ ဥပဒေကိုလေးစားလိုက်နာသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်  ပေးအပ်သည့်လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြဋ္ဌာန်းထားသည့် ဥပဒေများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်စေရန်၊ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်စေရန်၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ ဥပဒေအသိပညာ၊ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပါကြောင်း၊ သင်ခန်းစာများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် အဂတိနှင့် ဆက်စပ်နှီးနွှယ်သည့် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းအက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရာဇသတ်ဥပဒေ၊ သက်သေခံဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ CFT ဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့အပြင် စာချုပ်စာတမ်းများ စိစစ်ခြင်းစသည့် ဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် ကြိုးစားလေ့လာသင်ယူကြဖို့မှာကြားလိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြများ၏ သင်ကြားပို့ချမှုကို လေးစားစွာသင်ယူမှတ်သား ကြစေလိုကြောင်း၊ “ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဘေးကင်းရန်ကွာလွန်ချမ်းသာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ သင်တန်းကပို့ချသည့် ဥပဒေဆိုင်ရာသိကောင်းစရာများ၊ ဗဟုသုတများကို နားလည်သိရှိပြီး ဥပဒေနှင့်အညီနေထိုင်ကာ အဂတိတရားကင်းရှင်းစွာဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်ပြီး၊ ပြည်သူကယုံကြည်အားကိုးရသည့် ဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ဇန်နဝါရီလ (၆) ရက်မှ (၁၇) ရက်အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှုင် ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅)

သင်တန်းဖွင့်ပွဲ အခမ်းအနားမှတ်တမ်းဓာတ်ပုံများ


သင်တန်းဖွင့်ပွဲတွင် ကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း   

သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ