ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်မှာကြား
- Fri, 3 January 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က အဖွင့်အမှာစကား ပြောကြားခြင်း
နေပြည်တော် ဇန်နဝါရီ ၃ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန CPU အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအနေနဲ့ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်တွေ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း၊ ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကို ရယူခြင်းတို့ဟာ အဂတိလိုက်စားမှုများပဲ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ကျူးလွန်ပါက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ စီးပွားရေးလုပ်ငန်းများကို ကုန်ကျစရိတ်တိုးမြင့်စေခြင်း၊ အရင်းအမြစ်ခွဲဝေသုံးစွဲမှုကို မမှန်မကန်ဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှု တိုးပွားစေခြင်းနဲ့ အများပြည်သူယုံကြည်မှု ပျက်ယွင်းစေခြင်းစတဲ့ ဆိုးကျိုးများကို ခံစားရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ကြောင်း၊ ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တတွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ ယှဉ်ပြိုင်လိုစိတ် ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာစေမှာ ဖြစ်ကြောင်း၊
အဂတိလိုက်စားမှုဟာ နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနိုင်သဖြင့် ဝန်ထမ်းများအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါ့အပြင် တာဝန်ထမ်းဆောင်ရာမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ လိုက်နာဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ အဂတိလိုက်စားခဲ့ပါက တည်ဆဲဥပဒေများအတိုင်း အရေးယူခံရမည်ကို သတိပေးပြောကြားလိုကြောင်း၊
“ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်”ဆိုတဲ့ စကားနဲ့အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ယခုလို အသိပညာပေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် ဝန်ထမ်းများအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ သက်ဆိုင်တဲ့ အသိအမြင်၊ ဗဟုသုတများ ပိုမိုသိရှိတိုးပွားလာမှာဖြစ်ပါကြောင်း၊ အသိပညာများ လာရောက်ရှင်းလင်းဆွေးနွေးပေးတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများကို မိမိတို့ဝန်ကြီးဌာနအနေနဲ့ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေနဲ့လည်း ယခုအခမ်းအနားမှရရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းတဲ့ အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များမှာ ပါဝင်ကြရန်နှင့် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးက ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိကာ ရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ တစ်ဦးချင်းပါဝင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်အနေဖြင့် တစ်ကမ္ဘာလုံးက လက်ခံထားသည့် ဖွင့်ဆိုချက်မရှိဘဲ နိုင်ငံအသီးသီးက ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအရ ဖွင့်ဆိုကြပါကြောင်း၊ အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ သိရှိရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံအကျဆုံးဖြစ်သည့်အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်းသိရှိထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်း မရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိ လိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ဦးဆောင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း
သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က ပြန်လည်ဖြေကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း