အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း(အမှုထမ်း) အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
- Fri, 27 December 2024
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းဆင်းအမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း(အမှုထမ်း) အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းဆင်းပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ သင်တန်းသား/သူများအနေဖြင့် သင်တန်းတက်ရောက်ရသည့် အချိန်ကာလ ပြီးဆုံးသွားသော်လည်း သင်ယူမှုကဏ္ဍ ပြီးဆုံးသွားခြင်း မဟုတ်သည်ကို သဘောပေါက် နားလည်ရန်လိုအပ်ကြောင်း၊ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတ၊ အသိပညာများကို အခြေခံ၍ ဆက်လက်လေ့လာကြရန်လိုကြောင်း၊ မိမိတို့ တတ်သိထားသည်များကို မေ့လျော့မသွားစေရန် မိမိတို့၏လုပ်ငန်းခွင်၌ သာမက ကိုယ်ပိုင်အချိန်များ၌လည်း လုပ်ငန်းနှင့်သက်ဆိုင်ပြီး အထောက်အကူ ဖြစ်စေနိုင်သည့် အကြောင်းအရာမှန်သမျှကို ရှာဖွေမှတ်သားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အမှုများကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းစသည့် အကြောင်းအရာများကို စာတွေ့အပြင် လက်တွေ့လုပ်ငန်းခွင် နယ်ပယ်တွင်လည်း တရားရုံးအတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပိုမိုသိရှိရန် စနစ်တကျ လေ့လာသင်ယူခြင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဝန်ထမ်းများ၏အရည်အသွေး ဆောင်ရွက်နိုင်စွမ်းအပေါ် မူတည်၍ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုထင်ဟပ်စေမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် မိမိတို့၏ စွမ်းရည်၊ ဗဟုသုတ၊ အတွေ့အကြုံများကို အခြေခံ၍ လုပ်ငန်းနယ်ပယ်၌ ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို ဖြေရှင်းအသုံးချသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည့်အဝ ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ “တောက်ပြောင်အောင် ကြိုးပမ်း၊ ကျေပွန်အောင် ထမ်းဆောင်ကြရန်” လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် သင်တန်းသား(၃)ဦး အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၁)ဦး ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း(အမှုထမ်း) အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားမှတ်တမ်းဓာတ်ပုံများ
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ပထမဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က တတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား ချီးမြှင့်ပေးအပ်ခြင်း