အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
- Thu, 26 December 2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအခမ်းအနားကျင်းပခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာမူဝါဒကို သိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ “အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဂတိလိုက်စားမှုအလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးမူဝါဒများ၊ စီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် UMFCCI ရဲ့အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်မှသာ ရေရှည်ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုရရှိမှာပင်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လည်း ဆွေးနွေးပွဲမှတစ်ဆင့်ရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင်ပါဝင်ကြရန်နှင့် မိမိမှစ၍ အဂတိလိုက်စားမှုများကို ငြင်းဆန်ဖို့တိုက်တွန်းလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိကျမှန်ကန်စွာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော်နေသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေးကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်မျှတပြီး လုံခြုံစိတ်ချရသော ဈေးကွက်များဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာရရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် စီးပွားရေးလုပ်ငန်းအလေ့အထကောင်းများ တည်ဆောက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများကို လေးစားလိုက်နာခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများကိုတည်ဆောက်ခြင်းဖြင့် ကောင်းမွန်သည့်အပြောင်းအလဲများ ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကအရေးပါသည့် အခန်းကဏ္ဍပင်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍအနေဖြင့်လည်း လုပ်ငန်းခွင်ဆိုင်ရာ မှန်ကန်ဖြောင့်မတ်မှုကို တည်ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဖော်ဆောင်နိုင်ရန် Customer Review အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်း က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချူပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်းလည်းကောင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ကျင့်ဝတ်နှင့်ညီသော စီးပွားရေး
ကဏ္ဍနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း
ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်း က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်
ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားတက်ရောက်လာသူတစ်ဦးမှ
သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း
ကော်မရှင်အဖွဲ့ဝင်
ဦးသန်းထွတ်သိန်း မှ သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ
ဥက္ကဋ္ဌ ဦးအေးဝင်း က
ကျေးဇူးတင်စကားပြောကြားခြင်း
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း