အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ
- Mon, 23 December 2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်မည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ MRCCI ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ်၊ ဒေါ်ခိုင်ခိုင်နွယ်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် က အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွေကို လက်ခံကျင်းပခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒကို သိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုအလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်မှသာ ရေရှည်ကူးသန်းရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိမှာပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရန်အတွက် နိုင်ငံတော်အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး လက်တွဲညီညီပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိကျမှန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော်နေသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင်ပါဝင်ကြရန်နှင့် မိမိမှစ၍ အဂတိလိုက်စားမှုများကို ငြင်းဆန်ဖို့ တိုက်တွန်းလိုပါကြောင်း၊ ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က ယနေ့ကျင်းပသည့် အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် အမှာစကားပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကော်မရှင်နှင့် UMFCCI တို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ကြေညာချက်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ယခုလို အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းကို ဖန်တီး ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အတားတစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ စီးပွားရေးကဏ္ဍအနေဖြင့် တွေ့ကြုံနိုင်ရသည့် အဂတိလိုက်စားမှုပုံစံများမှာ မလျော်ဩဇာသုံး၍ မဲဆွယ်လွမ်းမိုးခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်မှဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ၊ မရသင့် မရထိုက်သည့် အခွင့်အရေးများကို ရရှိရန်အတွက် တံစိုးလက်ဆောင်များကို ပေး၍အသုံးချခြင်း၊ ဩဇာအာဏာများကို အသုံးပြုပြီး လွှမ်းမိုးဆောင်ရွက်ခြင်းမျိုးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေး ကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်၏ (၈) ချက်မြောက်တွင် Decent Work and Economic Growth ကောင်းမွန်သောအလုပ်နှင့် စီးပွားရေးတိုးတက်မှုဆိုသည့် အချက်ပါရှိပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ မျှတပြီး လုံခြုံစိတ်ချရသော ဈေးကွက်များဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာရရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် စီးပွားရေးလုပ်ငန်းအလေ့အထကောင်းများ တည်ဆောက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများကို လေးစားလိုက်နာခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေး လုပ်ငန်းများကို တည်ဆောက်ခြင်းဖြင့် ကောင်းမွန်သည့်အပြောင်းအလဲများ ဖော်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကအရေးပါသည့် အခန်းကဏ္ဍပင်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် နည်းလမ်း (၃) သွယ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခုပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှုပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်သည့် အဂတိ လိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေနိုင်သည့် ပေးခြင်း၊ ယူခြင်းများကို လက်သင့်မခံဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော်ဆောင်ကြပါစို့ ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချူပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်းလည်းကောင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ်၊ ဒေါ်ခိုင်ခိုင်နွယ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ကျင့်ဝတ်နှင့်ညီသော စီးပွားရေးကဏ္ဍနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် က ကျေးဇူးတင်စကားပြောကြားခြင်း
အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း