မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်စိုးမိုးအောင် (လ ၂၀၀၉၅၀)အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွက်ထားမှု အခြေအနေ

  • Tue, 4 April 2017

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ်စိုးမိုးအောင်(လ ၂၀၀၉၅၀) သည် တောင်သူလုပ်ငန်းတွင် အသုံးပြုရန် နွားထီးနှစ်ကောင် ဝယ်ယူ၍ မောင်းနှင်လာသော နစ်နာသူထံမှ ငွေကျပ် ၂၀၀,၀၀ဝိ/-(ကျပ်နှစ်သိန်းတိတိ) တောင်းခံခဲ့ခြင်းအား အရေးယူပေးပါရန် နစ်နာသူက  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့  ပေးပို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် စိုးမိုးအောင်(လ ၂၀၀၉၅၀)သည် ၄-၂-၂၀၁၇ ရက်နေ့တွင် တောင်သူလုပ်ငန်း၌ အသုံးပြုရန် အတွက် နွားထီးနှစ်ကောင်အား ဇော်ဂျီကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့မှ ဝယ်ယူ၍ မီးသွေးဘုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ကျွဲနဖားကျေးရွာသို့ မောင်းနှင်လာသော နစ်နာသူထံမှ ငွေကျပ် ၂၀၀,၀၀ဝိ/-(ကျပ်နှစ်သိန်းတိတိ)ကို တောင်းခံရယူ ခဲ့သဖြင့် ၎င်းသည် လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင် ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် စိုးမိုးအောင်(လ ၂၀၀၉၅၀) အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဧပြီလ(၄)ရက်နေ့က တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယရဲမှူး စိုးလွင်(ရဲ ၄၁၂၄) သည် ရဲစခန်းအရပ်ရပ်နေ့စဉ်မှတ်တမ်းကို ဆန့်ကျင်ပြီး ဒုတိယရဲအုပ်စိုးမိုးအောင် (လ ၂၀၀၉၅၀) ၏ တံစိုးလက်ဆောင် ယူမှုနှင့်စပ်လျဉ်းပြီး အကာအကွယ်ပြု ထွက်ဆိုခဲ့ခြင်း၊ ရဲတပ်သား နိုင်လင်းစိုး(လ ၂၃၃၀၃၁)သည် ဦးဝင်းလွင် ထံမှ တံစိုးလက်ဆောင် ငွေကျပ် နှစ်သိန်း ရယူသည့် အချိန်တွင် အခင်းဖြစ်နေရာ၌ ဒုတိယရဲအုပ် စိုးမိုးအောင် (လ ၂၀၀၉၅၀) နှင့် အတူရှိနေခဲ့ကြောင်း သက်သေထွက်ဆိုချက်များအရ ပေါ်ပေါက်ခြင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ