အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
- Mon, 2 December 2024
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်းသည် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် အမှုထမ်းများအတွက် စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုသည့် ကိစ္စရပ်များတွင် တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းပိုင်ဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ရှောင်ကြဉ်ရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်ပြီး စနစ်တကျလုပ်ကိုင်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဘာသာရပ်များဖြစ်သော တိုင်ကြားစာအရေးယူဆောင်ရွက်ပုံအဆင့်ဆင့်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာဖွဲ့စည်းမိန့်၊ စီမံချက်ရေးဆွဲခြင်း၊ အမှုတည်ဆောက်ခြင်း၊ ကြိုတင်ထောက်လှမ်းစုံစမ်းခြင်း၊ ပထမသတင်းပေးတိုင်တန်းချက်ရေးသားဖွင့်လှစ်ခြင်း၊ သက်သေများနှင့် တရားခံများ ချိန်းဆိုစစ်ဆေးခြင်း၊ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံခြင်း၊ သက်သေခံပစ္စည်း ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်း၊ တရားရုံးတွင် စစ်မေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျွမ်းကျင်သူများ၏ ထင်မြင်ချက်ရယူခြင်း၊ တရားစွဲ တင်ပို့ခြင်း၊ ငွေကြေးခဝါချမှု၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၊ စာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်း၍ စာရင်းစစ်ဆေးခြင်း၊ MLA/ International Cooperation ဘာသာရပ်များကိုလည်း အတွေ့အကြုံ ရှိသည့် ပြင်ပနည်းပြများက လာရောက်ဆွေးနွေးပို့ချပေးသွားမှာ ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအရ ရဲအရာရှိတစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ကင်း လွတ်ခွင့်များကို သိရှိပြီး မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သေချာစွာပိုင်းခြား သိမြင်နိုင်စေမှာဖြစ်ပါကြောင်း၊ စစ်ဆေးရေးမှူးကောင်း တစ်ယောက်ဖြစ်လာရန် လေ့လာမှုအားကောင်းမှသာ တွေးခေါ်ကြံဆမှုများ ပိုမိုကောင်းမွန်လာမှာဖြစ်သည့်အတွက် တစ်ဦးချင်း စွမ်းဆောင်ရည် တိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ငွေကြေး၊ ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေး၊ အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန် နိုင်ငံ့ဝန်ထမ်းများတွင် တာဝန်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင် အဂတိလိုက်စားမှုကင်းရှင်းရန် လိုအပ်ပါကြောင်း၊“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီ အဂတိလိုက်စားမှု ကင်းစင်မှသာ အဖွဲ့အစည်းတစ်ခုချင်းစီက အဂတိလိုက်စားမှုကင်းစင်ပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာမှာ ဖြစ်သည့်အတွက် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပြင် ကော်မရှင်မှ ချမှတ်ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်စံနှုန်းများကိုလည်း စောင့်ထိန်းလိုက်နာရကြောင်း၊ အဂတိလိုက်စားမှုကြောင့် အများပြည်သူ၏ နစ်နာဆုံးရှုံးမှု ပြဿနာများကို ပါဝင်ဖြေရှင်းပေးရသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြည်သူလူထုက တိုင်ကြားသည့် တိုင်ကြားစာများကို အခြေခံ၍ နစ်နာဆုံးရှုံးမှု မရှိစေရေး စုံစမ်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို မဖြစ်မနေလုပ်ဆောင် ပေးနေရမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သင်တန်းတွင် ဆွေးနွေးပို့ချမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာဆည်းပူးကြပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် တရားမျှတမှုရှိစွာဖြင့် အဂတိကင်းစင်သည့် ဝန်ထမ်းများအဖြစ် နိုင်ငံနှင့်ပြည်သူက အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးပမ်းအားထုတ်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံ သင်တန်း (အမှုထမ်း) အမှတ်စဉ် (၃/၂၀၂၄) သင်တန်းကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှုင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း(အမှုထမ်း) အမှတ်စဉ် ၃/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားမှတ်တမ်းဓာတ်ပုံများ
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း
သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း