အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Fri, 22 November 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


နေပြည်တော်၊ နိုဝင်ဘာ ၂၂


        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဉီးခွန်နေထွန်းဉီးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များ တက်ရောက်ကြသည်။

        ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုလို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို လက်ခံကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး  အဂတိလိုက်စားမှုကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit – CPU ကို ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme – PFP စနစ်ဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီထံ ဝန်ဆောင်မှုလာရောက်ရယူသော အများပြည်သူများမှ တင်ပြလာသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြပြီး မိမိကစ၍ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် အလေ့အကျင့်ဖြစ်ထွန်းစေရန် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

        ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ် ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကိုမဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအပေါ်သို့ ကြီးမားစွာ တိုက်ရိုက်သက် ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကိုချမှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် ၆ ရပ် အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင် ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာသင်တန်းများပို့ချပေးခြင်း၊ PFP အစီအစဉ် အသုံးပြုသည့်ဌာနများအတွက် လိုအပ်သည့်အသုံးပြုနည်းသင်တန်းများ ပို့ချပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

        ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

        ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ဦးဆောင်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် က အဖွင့်အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း က
CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ