အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
- Thu, 14 November 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။
ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးတရားစွဲတင်ခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ စုံစမ်းစစ်ဆေးတရားစွဲတင်ခြင်း လုပ်ငန်းစဉ်သည် အဓိကကျသည့် ပင်မတာဝန်ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအပြင် ဆက်စပ်ဥပဒေများကို သိရှိရန်လိုအပ်ပြီး မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို သိရှိရန်လိုကြောင်း၊ စာတွေ့လက်တွေ့ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဗဟုသုတအပြည့်ရှိရန်လိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၉) တွင် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကြောင့် ရရှိလာသည့် ငွေကြေး၊ ပစ္စည်းများနှင့်စပ်လျဉ်း၍ ဖော်ထုတ်အရေးယူ သိမ်းဆည်းရန် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်အပြင် တရားစီရင်ရေး တာဝန်ကိုပါ ဆောင်ရွက်ရသည့်အတွက် ကိုယ်တိုင်က အမှုကိစ္စများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာ၌ အဂတိကင်းရှင်းရန်၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိရန် အထူးမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၁) ဦးကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ
ဦးစစ်အေး က ပထမဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က တတိယဆုရရှိသည့် သင်တန်းသား’တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား
ချီးမြှင့်ပေးအပ်ခြင်း