အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Wed, 30 October 2024
နေပြည်တော်၊ ၊ အောက်တိုဘာ ၃၀
၂၀၂၄ ခုနှစ်၊ ၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားရာ၌ လစဉ်ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်းဖြင့် ကော်မရှင်ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ အခက်အခဲများကို တင်ပြနိုင်စေရန် ရည်ရွယ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဌာနတွင် မရှိမဖြစ် အသုံးဝင်သူဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရသည့် ဝန်ထမ်းများဖြစ်သည့်အတွက် ဖြောင့်မတ်တည်ကြည်မှုရှိရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဆိုသည်မှာ လူအများက ကြည့်မနေလျှင်တောင် မမှန်ကန်သည့်အရာကို မလုပ်ခြင်း၊ မှန်ကန်သည့် အလုပ်ကို လုပ်ခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အတားအဆီးအခက်အခဲများ ရှိနိုင်ကြောင်းနှင့် ယင်းကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ကျော်လွှားနိုင်သည့် အရည်အချင်းရှိရန်လိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒ၊ မိမိဌာန၏ မူဝါဒများကို သိရှိအကောင်အထည်ဖော်ရာ၌ အဆင့်ဆင့်တွင် တာဝန်ရှိကြောင်း၊ တာဝန်ပေးအပ်ရာတွင်လည်း အချိန်တစ်ပြေးညီ အမှန်ကန်ဆုံးဆောင်ရွက်နိုင်ရန်၊ အမြဲကြပ်မတ်ရန်လိုကြောင်း၊ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ရသည့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင်ရာနည်းလမ်းများကို သိရှိရန်လိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိကျန်းမာရေးအား စောင့်ရှောက်ရန်တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကော်မရှင်ဥက္ကဋ္ဌက နိုဝင်ဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး အား ပေးအပ်ခြင်း
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း