အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
- Tue, 29 October 2024
နေပြည်တော်၊ အောက်တိုဘာ ၂၉
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှု ကင်းရှင်းခြင်းသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ အကောင်အထည်ဖော်ရာတွင် အောင်မြင်ရေးအတွက် အထောက်အကူ ဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှုကို ဖြစ်ပွားမှ အရေးယူခြင်းထက် ကြိုတင်တားဆီးကာကွယ်ခြင်းက ပိုမိုထိရောက်မှုရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedures - SOP) များ ရေးဆွဲခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် အဂတိလိုက်စားမှုများကို ဆန်းစစ်မှု (Corruption Risk Assessment - CRA) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျင့်ဝတ် (Code of Conduct - COC) လိုက်နာမှုမရှိသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှု မပြုခြင်း၊ ဝန်ထမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အစီအစဉ် ဆောင်ရွက်ခြင်း၊ သင်တန်းများ ပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့်အများ ပြည်သူလူထု၏ တုံပြန်မှုကိုရယူသော PFP (Public Feedback Programme) အစီအစဉ်များ အကောင်အထည်ဖော်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းဆိုသည်မှာ ဌာနအကြီးအကဲတွေကပဲ စိတ်ဆန္ဒ ပြင်းပြစွာ လုပ်ဆောင်နေရုံနှင့်မရဘဲ ဝန်ထမ်းအားလုံး လိုက်ပါဆောင်ရွက်နိုင်စေရေး အသိပညာပေးပြီး အားလုံးပါဝင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနများဖြစ်သည်နှင့်အညီ အဂတိကင်းစင်သည့်လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်လာနိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်အားကိုးမှုများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အများပြည်သူထံမှတုံ့ပြန်ရယူခြင်းအစီအစဉ် နည်းပညာသင်တန်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။