ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Fri, 25 October 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၃၀) အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ရုံးအဆောက်အဦ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို စိတ်စေတနာထက်သန်စွာဖြင့် လာရောက် ရှင်းလင်းဆွေးနွေးခြင်းကို ကြိုဆိုပါကြောင်း၊ ယခုလိုရှင်းလင်းဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများအနေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များနှင့် အဂတိလိုက်စားမှု၏ဆိုးကျိုးများကို သိရှိနားလည်ပြီး တားဆီးကာကွယ်ရှောင်ကြဉ်နိုင်မည် ဖြစ်ပါကြောင်း၊

“ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်” ဆိုသည့် စကားအတိုင်း အဂတိလိုက်စားမှုများ ပေါ်ပေါက်မှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှု မဖြစ်မီကတည်း က ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍအနေနှင့် အသိပညာပေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ရာတွင်လည်း မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံ နိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးပမ်းအကောင်အထည်ဖော်နေသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း၊

ယနေ့ကျင်းပသည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ကြသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲကရရှိသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်သို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ မိမိကစပါဝင်ပြီး အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တာဆီးရန်၊ ငြင်းဆိုရန် တိုက်တွန်းလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ( Corruption Prevention Unit - CPU ) ကို ၂၀၁၉ ခုနှစ် ကတည်းကဖွဲ့စည်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းတာဝန် ( ၃ ) ရပ်၊ လုပ်ငန်းအစီအစဉ် ( ၆ ) ရပ်တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “ အဂတိပယ်ခွာ ပြည်သာယာ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိတရားကင်းစင်သည့် လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန် လိုပါကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အမှာ စကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကိုလက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းဖန်တီးဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့်ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့် အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေပါ ကြောင်း၊  ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း ဟူသည့် ကဏ္ဍ (၃) ရပ် ချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာအကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတာဝန်ရှိသူများက  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ဦးဆောင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အဂတိလိုက်စားမှုူတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့်

ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်

စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊

တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုသဘောသဘာဝများ၊

အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် တက်ရောက်လာသည့် အရာထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း က
CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ