ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးမြင့်သိန်းအပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ
- Mon, 13 March 2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သိန်းသည် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပြုလုပ်ပေးရာတွင် အပိုငွေကြေး တောင်းခံခဲ့ခြင်းအား အရေးယူပေးပါရန် နစ်နာသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သိန်းသည် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ထုတ်ပေးနိုင်ရန် လျှောက်ထားရာတွင် ငွေကျပ် ၂,၅၅၀,၀၀ဝိ/- (ကျပ်နှစ်ဆယ့်ငါးသိန်းငါးသောင်းတိတိ) ကို နှစ်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်သိန်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ တောင်ငူမြို့နယ်တရားရုံးတွင် မတ်လ(၁၃)ရက်နေ့က တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးအောင်အေးချမ်းလွင် (ယခု ညောင်ဦးခရိုင်ဦးစီးမှူး) သည် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)တွင် ရေးသွင်းထားသော စာအမှတ်နှင့် ရက်စွဲများ ကွဲလွဲသည့်ကိစ္စအပေါ် တာဝန်ရှိသည်ဟု ထွက်ဆိုထားပြီး နစ်နာသူ၏ တိုင်ကြားစာကို ခရိုင်/ တိုင်းဒေသကြီး ဦးစီးဌာနသို့ ဆက်လက် တင်ပြခဲ့မှုမရှိခြင်းနှင့် ဦးငြိမ်းဆွေ (မြေတိုင်း-၄)နှင့် ဦးကျော်သူလတ် (မြေတိုင်း-၅)တို့သည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် ငွေကြေး တစ်စုံတစ်ရာ ရယူခဲ့သည့် အထောက်အထား ပေါ်ပေါက်မှုမရှိသော်လည်း ငွေများရယူချိန်တွင် အတူရှိနေခဲ့ခြင်းတို့ကြောင့် ၎င်းတို့(၃)ဦးအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၀(ခ) အရ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူရန် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။