နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကျင်းပ

  • Tue, 22 October 2024

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကျင်းပ


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက်

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားများကျင်းပခြင်းအားဖြင့် ဌာနအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုများကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုး တိုးတက်မှုများကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အဓိက အနှစ်သာရမှာ အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိ ကင်းစင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်စေရန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု၏ သဘောသဘာဝကို သိရှိရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၌ အဂတိလိုက်စားမှုူတားဆီးကာကွယ်ရေးအဖွဲ့ CPU (Corruption Prevention Unit) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ယခုအခမ်းအနားမှ ရရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု ကင်းစင်သည့် နိုင်ငံတော်ကြီးဖြစ်စေရန် အဂတိ လိုက်စားမှုကို အတူတကွ ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုများဖြစ်ပေါ်ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာသင်တန်းများ ပို့ချပေးခြင်းကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသိပညာပေးသည့်အပေါ် ဝန်ထမ်းများအနေဖြင့် ဗဟုသုတရရှိကာ ရှောင်ရန်၊ ဆောင်ရန် အချက်များရရှိပြီး ထပ်ဆင့်မျှဝေနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

 ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများ၊ အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြ သော ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် ဦးဆောင်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှုသဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် တက်ရောက်လာသည့် အရာထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ