ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူး‌ပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Thu, 10 October 2024

နေပြည်တော် အောက်တိုဘာလ ၁၀ ရက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Knowledge Sharing Program - KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၄၇) ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybird စနစ်ဖြင့် ကျင်းပခဲ့သည်။ 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြည်‌ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online မှလည်းကောင်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအတွက် အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပလျက်ရှိပါကြောင်း၊  ယနေ့တွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားပြုနိုင်သော ရောဂါဆိုးတစ်ခုဟုဆိုရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများကျဆင်းပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဥ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမှာ ဖြစ်ပါကြောင်း၊ သို့ပါ၍  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဥ်းသည့် အသိအမြင်၊ ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အမှာစကားပြောကြားရာတွင် ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကိုမဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ပြည်သူတစ်ဦးချင်းအပေါ်သို့  ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများ ဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလုထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခု တို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကို ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် ၆ ရပ်အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ PFP အစီအစဉ် အသုံးပြုသည့်ဌာနများအတွက် လိုအပ်သည့် အသုံးပြုနည်းသင်တန်းများ ပို့ချပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတက်‌ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

************************************************

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန် က အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း



အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က ပြန်လည်ဖြေကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း



အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ