ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Wed, 2 October 2024

ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော် အောက်တိုဘာ ၂

    နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွား လာစေရန်ရည်ရွယ်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


    အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းလုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။ 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့်စာရိတ္တများ ပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေး အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့် တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် ပြောကြားခဲ့ပါကြောင်း။

    မိမိတို့နိုင်ငံ၏  အုပ်ချုပ်ရေးစနစ်အရ နိုင်ငံ့ဝန်ထမ်းများ၏ကဏ္ဍသည် အရေးကြီးသည့်နေရာတွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ များလာပါက နိုင်ငံတော်၏ စွမ်းဆောင်မှုသည်လည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အာဏာကို အလွဲသုံးစားပြုလုပ်မှုများ ကြီးမားကျယ်ပြန့်လာမှုကို  အချိန်မီတားဆီးကာကွယ်မှုများ မလုပ်နိုင်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏  အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုများလည်း ဖြစ်လာနိုင်ပါကြောင်း၊ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းစင်စွာဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ကျောသားရင်သားမခွဲခြားဘဲ သာတူညီမျှစိတ်ဖြင့် ဆက်ဆံရန်၊ မိမိတာဝန်ကို မိမိကျေပြွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ပုံစံအားလုံးသည် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်း နှင့်ထပ်ဆင့်မျှဝေပေးကြစေလိုကြောင်း ပြောကြားသည်။

    ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများ၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်း စစ်ဆေးရေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုသဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍအား ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ