အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Fri, 20 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


ထားဝယ်၊ စက်တင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေနွေးပွဲကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

    ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်မျာ းစုစုပေါင်း (၃၀၀) ဦးခန့်တက်ရောက်သည်။

ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေနွေးခြင်းသည် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ပုံရိပ် ကောင်းမွန်လာမှာဖြစ်ကြောင်း၊  အဂတိကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာဖြစ်ကြောင်း၊ ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာများတွင် မှန်ကန်စွာ ခွဲဝေသုံးစွဲလာနိုင်မှာဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတွေလည်း တိုးမြင့်လာမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ လာရောက်ကျင်းပပေးသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ အဂတိလိုက်စားမှုများကို အသေးစား အဂတိလိုက်စားမှု၊ ကြီးမားသော အဂတိလိုက်စားမှုနှင့် နိုင်ငံရေးအဂတိလိုက်စားမှုဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့်အဂတိလိုက်စားမှု ပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ) သည်လည်း အဂတိတရားကိုဖြစ်ပွားစေသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့် စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှုမရှိသည့် အသုံးပြုမှုများဖြစ်ပေါ်ပြီး နောက်ဆက်တွဲရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ချမှတ်ထားသည့်မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရသည့်အတွက် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးမျိုးသက်ပိုင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးကျော်ဝင်းသိန်း ဦးဆောင်၍ တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များ၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ e-Government ဌာနခွဲမှ ညွန်ကြားရေးမှူး ဦးမျိုးသက်ပိုင် က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများအား ရှင်းလင်းဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ