အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ

  • Tue, 17 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်ဦးကျော်ဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ခေါင်းဆောင်များ ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့် ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝ ကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီ ဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိ လိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည့် အပြင် ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှု ရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ မျှတမှု၊ လေးစားမှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှု စသည့်စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတက်ရောက်ခဲ့သည့် ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်မှစ၍ မိမိရပ်ရွာ၊ မြို့၊ နိုင်ငံအထိ ဂုဏ်ယူရသူများဖြစ်အောင် ကြိုးစား ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခု စကားဝိုင်းမှရရှိမည့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်စံနှုန်းများနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုမှတစ်ဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် မိမိကိုယ်တိုင် ပါဝင်ကြဖို့၊ မိမိကစပြီး အဂတိလိုက်စားမှုကိုငြင်းဆိုရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက် ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြား၍ အမှတ်တရလက်ဆောင်များ  ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း က အမှာစကားပြောကြားခြင်း

ဆက်စပ် သတင်းများ