အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" လူငယ်စကားဝိုင်း ကျင်းပ

  • Fri, 6 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ ၆  ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ဒေါက်တာ ထွန်းထွန်းဦး၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူ (၂၈၀) ဦး တက်ရောက်ကြသည်။ 

    အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူများအနေနှင့် ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည်သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင် ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ မျှတမှု၊ လေးစားမှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှုစသည့် စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတက်ရောက်ခဲ့သည့် တက္ကသိုလ်မှအစ မိမိရပ်ရွာ၊ မြို့၊ နိုင်ငံအထိ ဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိသည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာ လူငယ်စကားဝိုင်းအခမ်းအနားကို ကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာနဲ့ ကျင်းပပေးခြင်းကိုလည်း ကြိုဆိုအားပေးပါကြောင်း၊ ကော်မရှင်အနေနှင့် အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ရာမှာ မျက်နှာကြီးငယ် မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော်နေခြင်းကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

    ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ခေါင်းဆောင်များ ဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့် လျော်ညီသည့် ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက်ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီ ဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် အခက်အခဲများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း မှာကြားသည်။ 

    ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြား၍ ကော်မရှင်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အမှာစကားပြောကြားခြင်း


မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေါက်တာမာမာဝင်းက ကျေးဇူးတင်စကားပြောကြားခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း


ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း

ဆက်စပ် သတင်းများ