အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ

  • Thu, 5 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် Naypyitaw State Academy အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာနုနုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Naypyitaw State Academy မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦး တက်ရောက်ခဲ့ကြသည်။


    အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်ဦးသန်းစိုးက အမှာစကား ပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကိုလုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့် ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့် ရလဒ်များ ရရှိရန်အတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝ ကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ကော်မရှင်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

State Academy မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း 

အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ