အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Mon, 2 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ  ၂

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကို ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်  ကိုယ်ချင်းစာတရားထား၍ စည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် သတင်းတု၊သတင်းမှားများကို ဝေဖန်ပိုင်းခြားပြီး ချင့်ချိန်ယုံကြည်ရန် လိုအပ်ကြောင်း၊ ကော်မရှင်ရုံး ဝန်ထမ်းများအနေဖြင့် တူညီဝတ်စုံ (Uniform) များကို မြတ်နိုးစွာဖြင့် စည်းကမ်းစနစ်တကျရှိစွာ ဝတ်စားဆင်ယင်ရန် လိုအပ်ကြောင်း၊ ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်း၍ နေရာဒေသအလိုက်ဝတ်စားဆင်ယင် တတ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဆင့်ဆင့်သတင်းပို့ စနစ်ဖြင့် စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဖြစ်စေ၊ လူမှုရေးကိစ္စဖြစ်စေ အခက်အခဲများရှိပါက ပွင့်လင်းစွာသတင်းပို့ တင်ပြနိုင်ကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊  ခရီးသွားလာရာတွင် ဘေးကင်းလုံခြုံရေးကို သတိပြု၍ သွားလာကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

    ထို့နောက် ကော်မရှင်အတွင်းရေးမှူးက စက်တင်ဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီး ကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်အတွင်းရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်စပ် သတင်းများ