အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

  • Wed, 28 August 2024

အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၂၈

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားများတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပသည်။ 

    အဆိုပါ ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများက လာရောက်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်နှင့် Online တို့ဖြင့် တက်ရောက်ခဲ့ကြသည်။ 

    ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊

    အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး ကိုယ်ရည်ကိုယ်သွေးကျဆင်းလာသည့်အတွက် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေမည် ဖြစ်ပါကြောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ရာတွင် အဂတိလိုက်စားမှုကို မဖြစ်မနေတိုက်ဖျက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများ တိုးတက်ကောင်းမွန်လာစေရန်အတွက် အဂတိလိုက်စားမှုကင်းစင်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို  အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

    အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်း အဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ အများပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးနေသည့် ဌာနအဖွဲ့အစည်းများရှိသည့်အတွက် အများပြည်သူကို အပြည့်အဝဝန်ဆောင်မှုပေးရန်နှင့် အဂတိလိုက်စားမှုကင်းစင်ရေး ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ဖြောင့်မတ်တည် ကြည်မှု၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

    ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ အဂတိ လိုက်စားမှုများကို အသေးစားအဂတိလိုက်စားမှု၊ ကြီးမားသော အဂတိလိုက်စားမှုနှင့် နိုင်ငံရေးအဂတိလိုက်စားမှုဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့် အဂတိ လိုက်စားမှုပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွား ပဋိပက္ခ)သည်လည်း အဂတိတရားကိုဖြစ်ပွားစေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ အများပြည်သူအကျိုးဖော်ဆောင်ရန် ပေးအပ်ထားသည့် ရာထူးနှင့်လုပ်ပိုင်ခွင့်များကိုသုံးပြီး ဆုံးဖြတ်ချက်ချရာတွင် မိမိအကျိုးနှင့် အများအကျိုးကြားလွန်ဆွဲရာမှ ကိုယ်ကျိုးအတွက် အလေး သာဆုံးဖြတ်ပါက Conflict of Interest မှ Corruption မြောက်သွားပြီဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့်စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှုမရှိသည့် အသုံးပြုမှုများဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရခြင်းဖြစ်သည့်အတွက် မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု၏သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ 

    ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့်
ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန် က
အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ