အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (တောင်ငူ)တို့ ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ
- Tue, 27 August 2024
နေပြည်တော်၊ ဩဂုတ် ၂၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (တောင်ငူ)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအနေဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်များကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်တဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်ဆင့်ကမ်းထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း၊ ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များလိုက်နာစောင့်ထိန်းရမည်သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု ၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ လေးစားမှု၊ အများအကျိုးဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှုစသည့် စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့်၊ မိမိနိုင်ငံဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နည်းပညာတက္ကသိုလ် (တောင်ငူ) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။