အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (မကွေး)တို့ ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ

  • Fri, 23 August 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (မကွေး)တို့ ပူးပေါင်း၍ “ လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် (မကွေး)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ် စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (မကွေး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ် (မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ (၇၀၀) ဦး တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအနေဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ရင့်ကျက်တဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်ဆင့်ကမ်း ထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း၊ ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည်သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု ၊ ပွင့်လင်းမြင်သာမှု ၊ မျှတမှု၊ လေးစားမှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှု စသည့် စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့်၊ မိမိနိုင်ငံ ဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ယင်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်လွင်က အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတား တစ်ခုဖြစ်ပါကြောင်း၊ ၎င်းအဟန့်အတားကို ဖယ်ရှားပစ်ရန်အတွက် လူငယ်များ၏အင်အား လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရန်လိုကြောင်း၊ မျိုးဆက်သစ် လူငယ်များကို ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန်လိုပါကြောင်း၊ လူငယ်တွေအနဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နည်းလမ်းအမျိုးမျိုးနှင့် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့်လည်း လူငယ်တွေ ပါဝင်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး နည်းပညာတက္ကသိုလ် (မကွေး) မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်း က ကျေးဇူးတင်  စကားပြောကြားခဲ့ပြီး အပြန်အလှန် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အမှာစကားပြောကြားခြင်း 


နည်းပညာတက္ကသိုလ်(မကွေး)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခြင်း 


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း 


နည်းပညာတက္ကသိုလ်(မကွေး)မှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများ က “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် က နည်းပညာတက္ကသိုလ်(မကွေး)မှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း 

ဆက်စပ် သတင်းများ