အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ

  • Mon, 12 August 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံသင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်းကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၂

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံ သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။ 

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်၏ လက်တွေ့နယ်ပယ်တွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှောင်ကြဉ်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို နားလည်သဘောပေါက်ကာ လိုက်နာကျင့်သုံးတတ်လာစေရန်၊ တရားစွဲဆိုတင်ပို့ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ တရားရုံး၌  ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ပင်ကိုယ်အရည်အသွေးများ တိုးတက်မြင့်မားလာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပါကြောင်း၊ သင်တန်းတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့်  တိုင်ကြားစာကဏ္ဍ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ကြိုတင်စုံစမ်းထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်သူ၏ သဘောထားမှတ်ချက်ရယူခြင်း၊ ဖမ်းဆီးခြင်း၊ ရီမန်ရယူခြင်း၊ တရားစွဲတင်ပို့ခြင်း၊ ပဏာမစိစစ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များ၊ ငွေကြေးခဝါချမှု ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၊ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ ပြည်သူ့ဘဏ္ဍာနှင့် အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးများဖြင့် ပူးပေါင်းဆောင်ရွက်သည့် MLA/ International Cooperation စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ 

    သင်တန်းသားများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များသည် ကော်မရှင်၏ အရေးကြီးကဏ္ဍ တစ်ခုဖြစ်သည့်အတွက် ကြီးလေးသည့် တာဝန်တစ်ရပ်ကို ကော်မရှင်ကိုယ်စား ထမ်းဆောင်နေကြသည်ကို သတိချပ်စေလိုပါကြောင်း၊ စုံစမ်းစစ်ဆေးရေး တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့်  လက်တွေ့နယ်ပယ်၌ ကြုံတွေ့ရသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ဥပဒေအရ ရဲအရာရှိတစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ကင်းလွတ်ခွင့်များကိုသိရှိပြီး၊ အခြားဆက်စပ် ဥပဒေများ၊ ကျင့်ထုံးဥပဒေပုဒ်မများ၊ ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များကိုပါ သိရှိနားလည်ထားမှသာ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကော်မရှင်ရုံး ဝန်ထမ်းများသည် အဂတိတရား ကင်းစင်ရန်နှင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရသည့်အပြင် ကော်မရှင် ကျင့်ဝတ်ကိုပါ မဖြစ်မနေလိုက်နာရန်လိုအပ်ပါကြောင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း လုပ်ငန်းများသည် ဖြောင့်မတ်တည်ကြည်မှုကို အလေးထားလုပ်ကိုင်ဆောင်ရွက်မှသာ အများပြည်သူ၏ ယုံကြည်ကိုးစားမှု ရရှိလာမှာဖြစ်ပြီး ကော်မရှင်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ပိုမိုကောင်းမွန်စေနိုင်မှာဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အထူးဂရုပြု ဆောင်ရွက်ရန်မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ 

စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်မွမ်းမံ သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းကို ဩဂုတ်လ (၁၂) ရက်နေ့မှ စက်တင်ဘာလ (၆) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပါသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း


သင်တန်းဖွင့်ပွဲတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ