အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ၏ သတင်းထုတ်ပြန်မှု

  • Fri, 9 August 2024

နေပြည်တော်၊ ဩဂုတ်လ ၉ ရက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၀း၀၀နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၊ ညီလာခံခန်းမ၌  ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိသူများက လာရောက်ဆွေးနွေးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၂၃၀ ဦးနှင့် အွန်လိုင်းဖြင့် တက်ရောက်သူ တိုင်းဒေသကြီး/ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများ ၁၈၀ ဦး စုစုပေါင်းဝန်ထမ်း အင်အား ၄၁၀ ဦး တက်ရောက်ခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခုလို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားတွေကို လက်ခံကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှု မြောက်နိုင်တဲ့ ကိစ္စရပ်တွေ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အဂတိလိုက်စားမှုများပြုပါက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဟန့်အတားဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုများ ဖြစ်ပေါ်စေမှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ ပြုလုပ်ကြပါက နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်း ပျက်စီးစေမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် အဂတိလိုက်စားမှုဟာ နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ကြဖို့လိုအပ်ပါကြောင်း၊ ခေတ်မှီဖွံ့ဖြိုးပြီး အေးချမ်းသာယာသော နိုင်ငံတော်သစ်ဆီကို လျှောက်လှမ်းရာမှာ အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနဲ့ ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများဟာ အဂတိတရားကင်းစင်တဲ့ဝန်ထမ်းများ ဖြစ်ဖို့လိုတဲ့အတွက် ယနေ့ လာရောက်ပြီး အသိပညာပေးဆွေးနွေးပေးပါသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်နှင့်တကွ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်မိပါကြောင်း၊ ယနေ့တွင် အသိပညာဗဟုသုတများစွာ ရရှိပါကြောင်း ပြောကြားခဲ့ပါတယ်။


ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အမှာစကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအပေါ်သို့  ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလုထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကိုချမှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် ၆ ရပ်အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစား အဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ PFP အစီအစဉ် အသုံးပြုသည့် ဌာနများအတွက် လိုအပ်သည့် အသုံးပြုနည်း သင်တန်းများ ပို့ချပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။


၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စုံစမ်းစစ်ဆေးရေး ကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု သဘော သဘာဝများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ