အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

  • Thu, 1 August 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ၊  ဩဂုတ် ၁ ရက် 

    ၂၀၂၄ ခုနှစ်၊ ၊ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားမှုများပြားပါက ဆင်းရဲမှုမြင့်မားနေမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝသည်းမခံခွင့်မလွှတ်သည့် Zero Tolerance အဆင့်ထိ အရောက်သွားရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ကို ဝန်ထမ်းများ၏ အင်အားဖြင့် ထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများက ဥပဒေလေးစားလိုက်နာကြရန် လိုအပ်ပြီး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများကို နေရာမှန်၊ လူမှန် တာဝန်ပေးအပ်ရန် အဆင့်ဆင့်တွင် တာဝန်ရှိကြောင်း၊ သို့မှသာ လုပ်ငန်းခွင်တွင် ဝန်ထမ်းများ ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီကလည်း စည်းကမ်းလိုက်နာ၍ အရည်အချင်းပြည့်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်က ဇူလိုင်လ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားခဲ့ပါသည်။

    ကော်မရှင်ဥက္ကဋ္ဌက၊ ဩဂုတ်လ အတွက် “မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း

အခမ်းအနားတွင် စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် က ၅-၇-၂၀၂၄ ရက်၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားခြင်း

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ဆက်စပ် သတင်းများ