အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Fri, 26 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော်    ဇူလိုင်   ၂၆

   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

     အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးရဲတင့်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ အမြဲတမ်းအတွင်းဝန် ဉီးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊  ပြန်ကြားရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပါသည်။

    ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်က အဂတိလိုက်စားမှုသည် နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ကြောင်း၊ ဝန်ထမ်းများ၊ ဌာနများတွင် အဂတိလိုက်စားမှုဖြစ်ပေါ်ခဲ့လျှင် ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေသည့်အပြင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကိုပါ ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်ပါက  အဂတိလိုက်စားမှုဉပဒေဖြင့် အရေးယူခံရမည့်အပြင် လူမှုပတ်ဝန်းကျင်တွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ အဂတိတရားကင်းရှင်းအောင် လိုက်နာနေထိုင်ခြင်းဖြင့်  သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက  နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများကို သိရှိရန်လိုအပ်ပြီး တာဝန်ထမ်းဆောင်ရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်ခြင်းဖြင့် အဂတိတရားကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ယင်းနောက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ  ဒုတိယညွှန်ကြား ရေးမှူးချုပ်က  အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်  ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

    ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းသည် ပြန်ကြားရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့်
ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


တားဆီးကာကွယ်ရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အခမ်းအနားတွင် တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန် က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ