အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) တို့ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ

  • Thu, 25 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) တို့ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) တို့ပူးပေါင်းကျင်းပပြုလုပ်သည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)မှ ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် (၁၁၁) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကိုလုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန်ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာ အသစ်များကို ကောင်းမွန်စွာ အသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင် လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်း လိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) မှ ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းထံ ကော်မရှင် အမှတ်တံဆိပ်ပါ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)တွင် ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူများ က “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”လူငယ်စကားဝိုင်းဆွေးနွေးခြင်း


ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)မှ ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်း က ကျေးဇူးတင်စကားပြောကြားခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ