အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Tue, 23 July 2024

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၃ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပခဲ့သည်။

    ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိဆိုသည်မှာ မလိုက်သင့်သည့်လမ်းကြောင်းဖြစ်ပြီး တနည်းအားဖြင့် ဓမ္မလမ်း ကြောင်းမှ  သွေဖယ်ဆောင်ရွက်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ကိုယ့်အကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာလုပ်ငန်းဌာနများကို အသုံးချခြင်း၊ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အလွဲ သုံးစားပြုခြင်း၊ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေခြင်း၊ တံစိုးလက်ဆောင်များကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန် အားထုတ်ခြင်း၊ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်းသည် အဂတိလိုက်စားမှုမြောက်ကြောင်း၊ အစိုးရဌာနများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများစသည့် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင် ဆိုင်မှုများကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးအောင်ပြုလုပ်ခြင်းသည်လည်း အဂတိလိုက်စားမှုကို အထမြောက်စေကြောင်း၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်များတွင် ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုအပြုအမူများ၊ လူသားအရင်းအမြစ်နှင့် သက်ဆိုင်သည့် အဂတိလိုက်စားမှုအပြုအမူများ၊ လုပ်ပိုင်ခွင့်အာဏာဖြင့်သက်ဆိုင်သည့် အဂတိလိုက်စားမှုအပြုအမူများစသည့် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းပြီး စည်းမျဉ်း/စည်းကမ်းများ၊ လူမှုကျင့်ဝတ်များကို လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊"ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်" ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာသည့်အခါတွင် စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ကြရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးကဏ္ဍအနေဖြင့် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို အရာထမ်း(၁၁)ဦးဖြင့် ဖွဲ့စည်းပေးထားပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ လမ်းညွှန်ထားသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် Mobile တယ်လီဖုန်းဖြင့် SMS ပေးပို့ခြင်း(တစ်လေးလုံး Message) "1111" Public Feedback Programme ကိုအသုံးပြုပြီး ပြည်သူ့ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို မိမိတို့ဌာနအနေဖြင့် မေးခွန်းပေးပို့မှုအကြိမ်အရေ (၄၀)တွင် လူဦးရေ (၃၈၃၀) ဦးထံသို့ SMS ပေးပို့မေးမြန်းဆောင်ရွက်ခဲ့ရာ‌ ဖြေဆိုသူ (၆၇၇)ဦး၏ အကြံပြုချက်များကို သက်ဆိုင်ရာဌာနခွဲအသီးသီးသို့ ပြန်လည်ဖြေရှင်းချက်တောင်းခံပြီး လမ်း ကြောင်းမှန်ကို ရောက်ရှိရန်နှင့် လုပ်ငန်းများပိုမိုကောင်းမွန်အောင် အဆင့်ဆင့်ကွပ်ကဲပြီး ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားက ရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားတိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်သည့်အပြင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်အပေါ်တွင်လည်း များစွာသက်ရောက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အရင်း အမြစ်ဖြစ်သည့် လူငယ်များ၏အနာဂတ်ကို ရေရှည်မျှော်တွေး၍ အားကစားရေးရာကဏ္ဍကို အားပေး မြှင့်တင်လျက်ရှိကြောင်း၊ အားကစားကဏ္ဍကိုမြှင့်တင်ရန်အတွက် အားကစားသမားများနှင့် အကဲဖြတ်ဒိုင် လူကြီးများ၏ ဖြောင့်မတ်တည်ကြည်မှုရှိသည့် စိတ်ဓာတ်သည်အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကျရာကဏ္ဍမှ ထမ်းဆောင်ကြရာ၌ ဝန်ထမ်းများ၊ ပြည်သူ၊ ပြည်သားများ၊ အားကစားသမားများ၊ လူငယ်များအားလုံးသည် အဂတိတရားဖြစ်သည့်ပေးခြင်း၊ ယူခြင်းကိုလက်မခံဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကိုဖော်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံးစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး  ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း/ အမှုထမ်း စုစုပေါင်းအင်အား (၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊
ဆိုးကျိုးများနှင့်တားဆီးကာကွယ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခြင်း




ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ