အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Fri, 5 July 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


နေပြည်တော်၊ ဇူလိုင် ၅

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ အတွင်းရေးမှူး ဦးတင်ဆွေဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဌာနအလိုက် အဂတိလိုက်စားမှုများ တာဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU) ခေါင်းဆောင်များ အပါအဝင် အင်အား(၁၅၇)ဦး တက်ရောက်ခဲ့ကြသည်။ 

    ပထမဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုကြီးဖြစ်သည့်အတွက် အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာနိုင်သဖြင့် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့ ဖြစ်စေနိုင်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လုပ်ငန်းတာဝန်များကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျှတစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကော်မရှင်မှ ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပပေးနေသည်ကိုလည်း ဂုဏ်ပြုကြိုဆိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူလူထုကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ညွှန်ကြားချက်များနှင့်အညီ အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေးအဖွဲ့(CPU)များကို ဖွဲ့စည်းထားရှိပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် တစ်တပ် တစ်အား စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကို တစ်ပြိုင်တည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရာတွင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည့် ငွေကြေး၊ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းခြင်းကိုလည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုသည် မိမိကိုယ်ကျိုးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အများပြည်သူ အကျိုးစီးပွား ဆောင်ရွက်ရန်အတွက် ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ခြင်းဖြင့် အဂတိတရား ကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ကောင်းများ၏ အသိ၊ သတိဉာဏ်ပညာ၊ ကြိုးစားအားထုတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    ၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း ဦးဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များနှင့် တွေ့ဆုံ၍ အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံအခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊ အကြံပြုတင်ပြချက်များ အပေါ်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့အား ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင် က အဂတိလိုက်စားမှု  ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့်တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း



ဆက်စပ် သတင်းများ