အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

  • Thu, 4 July 2024

နေပြည်တော်၊ ဇူလိုင် ၄ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်ရည်ရွယ်၍ သစ်မာပင်များနှင့် ရတနာတန်းဝင်ပင်များအား ကော်မရှင်ရုံးရှိဝန်ထမ်းများဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားကို ဥတ္တရသီရိမြို့နယ်၊ မြင်းစီးအားကစားကွင်း၏ ပွဲကြည့်စင် ဘယ်ဘက်ခြမ်းရှိ မြေကွက်လပ်နေရာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင်နှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ဝန်ထမ်းများအနေဖြင့် သစ်ပင်၊ သစ်တောများကို စိုက်ပျိုးပြုစု ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ရာသီဥတုမျှတစေရန်၊ သစ်တောသစ်ပင်တို့၏ အကျိုးကျေးဇူးကို သိရှိပြီး  သစ်တောပြုန်းတီးမှုများမှ ကာကွယ်တတ်စေရန်၊ တိုင်းပြည်အတွက် ဝင်ငွေရရှိစေရန်နှင့် သစ်ပင်များကို အတူစိုက်ပျိုးခြင်းဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိစေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လာကြစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် “ဥတုရာသီ၊ တောကိုမှီ၏” ၊ “တောတောင်စိမ်းမှစမ်းရေရ၏” ဟူသည့် ဆောင်ပုဒ်များနှင့်အညီ သစ်ပင်၊ သစ်တောများသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါကြောင်း၊ သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက သက်ဆိုင်ရာဦးစီးဌာနများဖြစ်ကြသည့် ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး ကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်၍ ပျိုးပင်များ စိုက်ပျိုးခဲ့ကြသည်။ ကော်မရှင်အနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားတွင် ရတနာတန်းဝင်ကျွန်းပင်နှင့် မန်ကျည်းပင် စုစုပေါင်း ပျိုးပင် (၄၅၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပျိုးပင်ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်ရုံးဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုခြင်း

ဆက်စပ် သတင်းများ