အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

  • Fri, 28 June 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ


နေပြည်တော်၊ ဇွန်လ(၂၈)ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်နှင့် ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနမှ CPU အဖွဲ့ဝင်များနှင့် အရာထမ်း/အမှုထမ်းများက in person ဖြင့် တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် အရာထမ်း/ အမှုထမ်းများက online ဖြင့် ပါဝင်တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနှင့် ဝန်ကြီးဌာနသို့ ယနေ့လာရောက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။ အဂတိလိုက်စားမှုမှာ နိုင်ငံတိုင်း၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများစွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့အထိ သက်ရောက်မှု ကြီးမားပါကြောင်း။ ၎င်းအပြင် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကိုပျက်ယွင်းစေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်စေ ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှုပေးရသော ဝန်ကြီးဌာနဖြစ်သဖြင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံကြရာတွင် အဂတိတရားကင်းရှင်းစွာ ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်လုပ်ဆောင်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျမှုမဖြစ်စေရန် အဂတိတရား ကင်းစင်ကြရမည်ဖြစ်ပါကြောင်း။ 

ဝန်ထမ်းများအနေနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကျောသားရင်သားမခွဲခြားပဲ တစ်ပြေးညီ ဆက်ဆံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့်အကြောင်းအရာများကို ရှောင်ကြဉ်ကြရန်လိုအပ်ပါကြောင်း။ ဝန်ကြီးဌာနအနေနှင့် ဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) ကို အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ဖွဲ့စည်းထားရှိပါကြောင်း။ ဝန်ထမ်းများအနေဖြင့် ယနေ့ အခမ်းအနားမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသော အသိအမြင် ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ကြရန်တိုက် တွန်းပြောကြားပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးက ဆွေးနွေးပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပါသည်။

၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ခေါင်းဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။










ဆက်စပ် သတင်းများ