စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Fri, 21 June 2024

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇွန် (၂၁)

စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ စက်မှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံမှူးများ၊ စိုက်ကွင်းစိုက်ခြံ တာဝန်ခံများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ သည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို လက်ခံကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သောကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သောကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ် လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်” ဆိုတဲ့ စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ ယခုလို အစိုးရဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် စိတ်စေတနာထက်သန်စွာနှင့် လိုက်လံကျင်းပပေးနေခြင်းကိုလည်း ကြိုဆိုပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက် ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျမှန်မှန်ကန်ကန်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော်နေသည်ကိုလည်း အသိအမှတ်ပြုပါကြောင်းနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သော အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့် ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ် ချမှတ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာ၊ ဌာန၏ ဂုဏ်သိက္ခာနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာများကို ထိခိုက်မည့် လူ့စွမ်းအားအရင်းအမြစ်ပါ ဆုံးရှုံးရပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုလို ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် ဝန်ထမ်းများကို ပြန်လည်မျှဝေပေးပါရန် တိုက်တွန်းကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အရာထမ်းကြီးများမှ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။








ဆက်စပ် သတင်းများ