အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်

  • Mon, 17 June 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်


နေပြည်တော်  ဇွန် ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ  တက်ရောက်ကြပါသည်။

    ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှု ဖြစ်မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” တစ်နည်းအားဖြင့် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူလူထု၏ ယုံကြည်မှု လျော့ကျစေခြင်းနှင့် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရစေမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယခုအခမ်းအနားမှ ရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှ တစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်နှင့် မိမိမှစ၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိလိုက်စားမှုကိုငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း၊ အဂတိတရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။

    ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး ဝန်ဆောင်မှုပေးရသည့် ဌာနများအနေဖြင့်လည်း မိမိတို့၏ဝန်ဆောင်မှု အရည်အသွေးနှင့်စပ်လျဉ်း၍ ပြည်သူ၏အကဲဖြတ်၊ အကြံပြုချက်များကိုရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်မှ နည်းပညာများပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယင်းအစီအစဉ်သည် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးရာ၌ အရည်အသွေးမြင့်မားလာစေရန် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာ၌ ပြည်သူကိုယ်တိုင် တိုက်ရိုက်ပါဝင်နိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ဌာနများအနေဖြင့် (Public Feedback Programme -PFP) အစီအစဉ်ကို ပိုမိုထိရောက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူထံမှ ပြန်လည်တုံ့ပြန်ဖြေကြားရာ၌  SMS ပေးပို့ရသည့် ကုန်ကျစရိတ်များသက်သာစေရန် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီများနှင့် ညှိနှိုင်းပေးပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည်လည်း ပြည်သူများဖြစ်၍ အခြားဌာနများ၌ ဝန်ဆောင်မှုများ သွားရောက်ရယူရာတွင် (Public Feedback Programme-PFP) အစီအစဉ်ကို တက်ကြွစွာ ပါဝင်ဖြေကြားပေးစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ခေါင်းဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။








ဆက်စပ် သတင်းများ