လာဘ်ငွေများ လက်ခံရယူခဲ့သည့် မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင်ကို တရားစွဲ အရေးယူ ဆောင်ရွက်ခြင်း
- Wed, 1 February 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကန်တာယာဉ်တိမ်းမှောက်မှုနှင့်စပ်လျဉ်း၍ အမှုစစ် အရာရှိ ရဲအုပ်ကျော်သက်ခိုင်မှ ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုခြင်းအား အရေးယူပေးပါရန် နစ်နာသူမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင် (လ ၁၉၉၅၉၃)သည် အမှုစစ်ရဲအရာရှိ၏ လုပ်ပိုင်ခွင့်ကိုအသုံးပြုလျက် ရေးမြို့မရဲစခန်း (ပ)၂၀/၂၀၁၅ အမှုမှ စွပ်စွဲခံရသူ ဦးအောင်ကျော်မျိုးကို အမှုဖွင့် ဖမ်းဆီးချုပ်နှောင်၍ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် အာမခံရရှိရန်အတွက် ငွေကျပ် ၃ သိန်းနှင့် ၂၈-၁၂-၂၀၁၅ ရက်နေ့တွင်လည်း အမှုကိစ္စအတွက် ငွေကျပ် ၅ သိန်းတို့ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်ကျော်သက်ခိုင် (လ ၁၉၉၅၉၃)ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်တရားလွှတ်တော်တွင် ဇန်နဝါရီလ(၃၀)ရက်နေ့က တရားစွဲဆိုအရေးယူခဲ့ပါသည်။