အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
- Fri, 10 May 2024
နေပြည်တော်၊ မေ ၁၀ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅)၊ စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို စိတ်စေတနာ ထက်သန်စွာဖြင့် လိုက်လံကျင်းပပေးနေခြင်းအား ကြိုဆိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်စီမံဆောင်ရွက်မှုများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးသာမက ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်သော နိုင်ငံဝန်ထမ်းကောင်းများအဖြစ် လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးကို မိမိတို့ နိုင်ငံ့ဝန်ထမ်းများအားလုံး စနစ်တကျ လေ့လာမှတ်သား လိုက်နာသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ပြောကြားရာ၌ ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိ လိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိကာ ရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာ၌ တစ်ဦးချင်းပါဝင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုအဓိပ္ပာယ်ဖွင့်ဆိုချက်အနေဖြင့် တစ်ကမ္ဘာလုံးက လက်ခံထားသည့် ဖွင့်ဆိုချက်မရှိဘဲ နိုင်ငံအသီးသီးက ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအရ ဖွင့်ဆိုကြပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာများ သိရှိရန်လိုအပ်ကြောင်း၊ ကော်မရှင် အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြင့်မားလာစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်း(၃၇)ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ (၁၄) ခုတို့တွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များကို ၂၀၁၉ ခုနှစ်မှ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ CPU ဖွဲ့စည်းထားသည့်ဌာနများနှင့် ညှိနှိုင်းကာလုပ်ငန်းတာဝန်(၃)ရပ်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်(၆)ရပ်တို့ကို ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံအကျဆုံးဖြစ်သည့်အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်း သိရှိထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်း မရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့် မှတ်တမ်းဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က တိုင်ကြားစာကဏ္ဍ နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတာဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များနှင့် တွေ့ဆုံကာ တားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်း၊ တိုင်ကြားစာနှင့် မှတ်တမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော် က တိုင်ကြားစာကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များအား မေးမြန်းခြင်း
သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ပြန်လည်ဖြေကြားခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က CPU အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း