အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဆင်းပွဲကျင်းပ

  • Fri, 8 March 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဆင်းပွဲကျင်းပ


နေပြည်တော်၊ မတ်လ ၈ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံ ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား ၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ကြသည်။ 

    သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌  တိုးတက်ပြောင်းလဲလာသည့် IT ခေတ်ဖြစ်သည်နှင့်အညီ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြသကဲ့သို့ ကော်မရှင်ရုံးရှိ ဝန်ထမ်းများလည်း IT နည်းပညာ တတ်ကျွမ်းခြင်းဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ သင်တန်း သားများအနေဖြင့် သင်တန်းကာလတစ်လျှောက် သင်ကြားပေးသည့်ဘာသာရပ်များကို မပျက်မကွက်တက်ရောက်ပြီး ကြိုးစားအားထုတ်လေ့လာ သင်ယူခဲ့သည့်အတွက်လည်း ကော်မရှင်က ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သင်တန်းကာလ တိုတောင်းတယ်ဆိုပေမယ့်လည်း ရတဲ့အချိန်အတွင်းမှာ မိမိတတ်ကျွမ်းထားသမျှ ပညာရပ်များကို မခြွင်းမချန်သင်ကြားပေးခဲ့သည့် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ သင်တန်းနည်းပြများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊

    သင်တန်းတွင် ကွန်ပျူတာနှင့်ပတ်သက်ပြီး  အသုံးပြုရသည့်နယ်ပယ်များနှင့်နည်းလမ်းများ အမျိုးမျိုးရှိသည့်အနက် ယခုသင်တန်းသည် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို ကျွမ်းကျင်သည့် နည်းပြများက ပြုစုထားသည့်သင်ခန်းစာများအလိုက် အသေးစိတ် သင်ကြားပို့ချပေးခြင်း ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့်လည်း ကွန်ပျူတာအသုံးပြုနည်းများကို ပိုမိုကျွမ်းကျင်စွာ အသုံးချသွားနိုင်မည်ကို ယုံကြည်ပါကြောင်း၊ ကွန်ပျူတာနည်းပညာတတ်ကျွမ်း ခြင်းအားဖြင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လွယ်ကူလျင် မြန်ခြင်း၊ ခေတ်နှင့်အညီ နည်းပညာများကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုနိုင်ခြင်း၊ နည်းပညာ တတ်ကျွမ်းလာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာအနှံ့အပြားရှိ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ပြည်ပမှခေါ်ယူလာသည့် ပညာသင်ဆုများအား ဝင်ရောက်လျှောက်ထားရသည့် လုပ်ငန်းစဉ်များကို ချိတ်ဆက် ဆောင်ရွက်ရာတွင် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး ဝန်ထမ်းများရဲ့ နည်းပညာပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်မြင့်မား လာမည်ဖြစ်ပါကြောင်း၊

    နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပိုမိုခိုင်မာအားကောင်းစေရန်အတွက်  e-Government စနစ်ကို အသုံးပြုလိုက်ပါဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးတွင် e-Government စနစ်ကို ကျင့်သုံးခြင်းဖြင့် အစိုးရ၏လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း၊ အဂတိလိုက်စားမှုကို လျှော့ချနိုင်ခြင်းအပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်သည့်အတွက် ကွန်ပျူတာကျွမ်းကျင်မှုကို ပိုင်ဆိုင်မှုတစ်ခုမျှသာ မဟုတ်ဘဲ နည်းပညာလျင်မြန် ဖွံ့ဖြိုးတိုးတက်လာသည့်ခေတ်တွင် ဆန်းသစ်တီထွင်နိုင်စွမ်းရှိစေရန် ဝန်ထမ်းများအနေဖြင့် နည်းပညာအရည်အချင်းများ ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊

    IT နည်းပညာများကို အသုံးပြုပြီး မိမိတို့ကော်မရှင်၏ရည်မှန်းချက်များနှင့် လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျင့်ဝတ်သိက္ခာနှင့်အညီ လုံခြုံရေး သတိရှိစွာဖြင့် တာဝန်ယူဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

    ၎င်းနောက် ကော်မရှင်အတွင်းရေးမှူးက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့်သင်တန်းသား (၃) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၄၀) ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြဆရာတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြဆရာတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ပထမဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က တတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း


ဆက်စပ် သတင်းများ