အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလပတ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအစည်းအဝေးကျင်းပ

  • Fri, 19 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ  လေးလပတ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ ၁၉ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဦးစီးဌာနများ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလပတ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အစည်းအဝေး အခမ်းအနားကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း

    အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနားသည် ကော်မရှင်၏ ၂၀၂၃ ခုနှစ်၊ စတုတ္ထလေးလပတ် (စက်တင်ဘာလမှ ဒီဇင်ဘာလအထိ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်း ချက်များကို ပြန်လည်သုံးသပ်ဆန်းစစ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ထုတ်ကုန်တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံသားများ၏အမျိုးသားပညာရည်မြင့်မားတိုးတက်စေရန် အခြေခံပညာကျောင်းများ၊ သက်မွေး ပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ နိုင်ငံတော် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံးသည် ရိုးသားကြိုးစားရန်နှင့် အဂတိကင်းရှင်းရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်ရန်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏တာဝန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လုပ်ပိုင်ခွင့်အာဏာရှိသူများသာ ကျူးလွန်ရန် အခွင့်အလမ်းရှိသည့်ရာဇဝတ်မှုဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အတွင်း ကော်မရှင် အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ကျယ်ပြန့်စွာဆောင်ရွက် ခဲ့သည့်အပြင် အဂတိလိုက်စားမှုကို လက်မခံသည့်လူမှုအသိုက်အဝန်း ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ရည်ရွယ်လျက် အခြေခံပညာကျောင်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင်လည်း ဌာနတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (Corruption Prevention Unit – CPU) အဖွဲ့များ ဖွဲ့စည်း၍ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme–PFP)များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ထိထိရောက်ရောက်နှင့် ကျေပွန်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်း၏အကျိုးသက်ရောက်မှုကို သိရှိရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပြင် ကော်မရှင်မှ ချမှတ်ထားသည့်ကျင့်ဝတ်များကို အထူးအလေးထား လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများအလိုက် လေးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဦးစီးဌာနများ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလပတ်လုပ်ငန်း ဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် က (၄)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်‌ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက (၄)လပတ် ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်‌ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က (၄)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်‌ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

ဆက်စပ် သတင်းများ