မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန် (တ/၂၉၄၃) (ယခု ဦးစီးအရာရှိ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်)အား တရားစွဲဆိုအရေးယူခြင်း

  • Wed, 18 January 2017

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ယစ်မျိုးဥပဒေအရ တရားစွဲခံရသူများအနက် ၎င်းအား ငွေမပေးသူများကို ထောင်ဒဏ်ချမှတ်ပြီး ငွေပေးသူများအား ငွေဒဏ်သာ ချမှတ်ခဲ့ပါသဖြင့် အရေးယူပေးပါရန် တိုင်ကြားလာခြင်းအပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၁(ဂ) (၃) နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန် သည် ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ်(၂၁၉/၂၀၁၆)၊ ယစ်မျိုးဥပဒေ ပုဒ်မ ၃၀(က) အမှုတွင် အမှုပြီးပြတ်စေရေးအတွက် အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်သော အထက်တန်းရှေ့နေမှတစ်ဆင့် ငွေကျပ် (၅)သိန်း တောင်းခံရယူခဲ့ခြင်းနှင့် ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် (၂၉၄/၂၀၁၆)၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က) အမှုတွင် တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာ စဉ်းစားပေးနိုင်ရန် တရားခံ၏ ဇနီးဖြစ်သူထံမှ ငွေကျပ် (၅)သိန်း လက်ခံရယူခဲ့ခြင်းတို့ကြောင့် လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးဖြစ်ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုအရေးယူရန် ဆောင်ရွက်ရာ အဆိုပါ ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ  အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ