The Power of Women, Inspiration for Change အလုပ်ရုံဆွေးနွေးပွဲ

  • Tue, 22 November 2016

The Power of Women, Inspiration for Change အလုပ်ရုံဆွေးနွေးပွဲ


အင်ဒိုနီးရှားနိုင်ငံ၊ Makassar မြို့တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် The Power of Women, Inspiration for Change အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မော်ဝေနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဆွေတို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ SEA-PACအဖွဲ့ဝင်ဘရူနိုင်းနိုင်ငံမှကိုယ်စားလှယ် (၃) ဦး၊ ကမ္ဘောဒီးယား နိုင်ငံမှ ကိုယ်စားလှယ် (၃)ဦး၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ် (၄)ဦး၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ် (၁)ဦး၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၂)ဦး၊ စုစုပေါင်း (၁၃)ဦးနှင့် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (KPK) သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှ အိမ်ရှင်မများ၊ မိခင်များအနေဖြင့် အမျိုးသမီး စွမ်းပကားမြှင့်တင်ရေးအတွက် မဟာဗျူဟာ တိုးမြှင့်ဆောင်ရွက်မှုများ၊ အဓိက အခန်းကဏ္ဍမှပါဝင် ဆောင်ရွက်မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအား အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခြင်းဖြင့် SEA-PAC အဖွဲ့ဝင်နိုင်ငံများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များ၊ အောင်မြင်မှု အတွေ့အကြုံများကို လေ့လာသိရှိရပြီး ဒေသဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်ကောင်းမွန်သည့် ချဉ်းကပ်မှုများ၊ နည်းလမ်းများကိုလည်း လေ့လာသိရှိရပါသည်။ ထိုကဲ့သို့ လေ့လာသိရှိရသည့် ဆွေးနွေးချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံချက်များ ချမှတ်ရေးဆွဲရာ၌ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

ဆက်စပ် သတင်းများ